အလုပ်ကံခေတတ်သော နာမည်အမျိုးအစားနှင့် အသက်ပိုင်းခြားကာလများ

ခေတ်ကာလအခြေအနေတွေအရ အလုပ်တစ်ခု ရဖို့ ခက်ခဲလာတာ၊ အလုပ် ရပြန်ရင်လည်း ရေရှည် တည်မြဲဖို့ ကြိုးပမ်းရတာနဲ့ အလုပ်မှာ အဆင်မပြေလို့ စိတ်ပန်းလူပန်း ဖြစ်ရတာတွေ ရှိနေတတ်ပါတယ်။

ဘယ်နေ့သားသမီးမဆို ကိုယ့်နာမည်ဟာ

တနင်္လာ အစ + စနေ အဆုံး (ဥပမာ ကျော်ထွန်း ၊ ခင်မောင်ထွဋ် ၊ ခန့်ထည် စသည်ဖြင့်…)
အင်္ဂါ အစ + ဗုဒ္ဓဟူး အဆုံး (ဥပမာ စည်သူလင်း ၊ ဇော်လင်း ၊ စန်းစန်းယု စသည်ဖြင့်…)
ဗုဒ္ဓဟူး အစ + အင်္ဂါ အဆုံး (ဥပမာ ဝင်းဇော် ၊ လင်းလက်စိုး ၊ ယမင်းစိုး စသည်ဖြင့်…)
ကြာသပတေး အစ + အင်္ဂါ အဆုံး (ဥပမာ မြတ်ဆွေ ၊ မိုးမြင့်ဇော် ၊ ပြည်စိုး စသည်ဖြင့်…)
သောကြာ အစ + ဗုဒ္ဓဟူး အဆုံး (ဥပမာ ဟိန်းဇော်လွင် ၊ သော်ဇင်လင်း စသည်ဖြင့်…)

အထက်ပါ အမည်နာမ အမျိုးအစားအတွဲတွေမှာ ပါနေခဲ့ရင် အလုပ်အကိုင်ကိစ္စ၊ အသက်မွေးဝမ်းကျောင်းကဏ္ဍ၊ နာမည်ဂုဏ်သတင်း ကိစ္စတွေမှာ ကံမကောင်းအကြောင်း မလှ ဖြစ်တတ်တဲ့ အဖြစ်အပျက်တွေ ဘဝတစ်ကွေ့မှာ အထင်အရှား ပေါ်ပေါက်တတ်ပါတယ်။ ဥပဒေအရ အရေးယူခံရတာ၊ အကြီးအကဲနဲ့ ပတ်သက်လို့ ကံခေတာမျိုး ဖြစ်တတ်ပါတယ်။

ပြီးတော့ ဘယ်နေ့ဖွား၊ ဘယ်နေ့သားသမီးမဆို…အောက်ဖော်ပြပါ အသက်ပိုင်းခြားတွေ ရောက်လာရင် အလုပ်အကိုင်ကံ အားနည်းတတ်ပါတယ်။

(၁) ရောက်ဆဲအသက် ၁၆ ၊ ၂၃ ၊ ၃၀ ၊ ၃၇ ၊ ၄၄ ၊ ၅၁ ၊ ၅၈ ၊ ၆၅ နှစ်တွေဟာ လုပ်နေဆဲ အလုပ်နေရာ၊ ရာထူး ဌာနကနေ အပြောင်းအရွှေ့ ဖြစ်တတ်ပါတယ်။ ပြောင်းလဲပစ်ဖို့လည်း အကြောင်းပေါင်းစုံ ပေါ်လာတတ်ပါတယ်။ ပြောင်းဖြစ်ဖို့ ဖိအားတွေနဲ့ ကြုံရတတ်ပါတယ်။ အပြောင်းအလဲ ကြုံလာရင်လည်း လိုက်လျောညီထွေ ရှိရပါမယ်။

(၂) ရောက်ဆဲအသက် ၂၀ ၊ ၂၇ ၊ ၃၄ ၊ ၄၁ ၊ ၄၈ ၊ ၅၅ ၊ ၆၂ နှစ်တွေဟာ လက်ရှိလုပ်နေဆဲ အလုပ်တွေ ပြီးဆုံး နိဂုံးချုပ်တာ၊ လုပ်ငန်းတစ်ခုလုံး ရပ်တန့်တာ၊ လည်ပတ်မှု မမှန်တော့ဘဲ နှေးကွေးရပ်ဆိုင်းတာတွေ ဖြစ်တတ်လို့ သတိထား လုပ်ကိုင်ရပါမယ်။ အလုပ်တစ်ခု ရပ်နားပြီး အသက်မွေးမှုအသစ်တစ်ခု စတင် ဖြစ်ပေါ်တတ်ပါတယ်။

(၃) ရောက်ဆဲအသက် ၁၉ ၊ ၂၆ ၊ ၃၃ ၊ ၄၀ ၊ ၄၇ ၊ ၅၄ ၊ ၆၁ နှစ်တွေဟာ အလုပ်မှာ ရန်၊ အတိုက်အခံ များတာ၊ အလုပ်တာဝန်တွေ အရမ်း များလို့ မနိုင်မနင်း ဖြစ်တာနဲ့ လူပင်ပန်းစိတ်ပင်ပန်းမှုတွေ၊ ပူပန်ကြောင့်ကျမှုတွေပါ ခံစားရတတ်ပါတယ်။ လုပ်ငန်းခွင်မှာလည်း ပြဿနာတွေ ပေါ်တတ်လို့ သည်းခံစိတ်ရှည်ဖို့ လိုအပ်ပါလိမ့်မယ်။

ဒါကတော့ ဘယ်နေ့သားသမီးမဆို ရောက်ဆဲအသက်ပိုင်းအရ အလုပ်မှာ ဖြစ်ပေါ်နိုင်တဲ့ ယေဘုယျကံဇာတာကို ဖော်ပြတာ ဖြစ်ပြီး ခုနက နာမည်ရှင်တွေကတော့ အဲဒီအသက်ပိုင်းတွေမှာ အလုပ်အကိုင်ကံ သူများတွေထက် ပို အားနည်းသွားတတ်ပါတယ်။ အသက်မွေးဖို့ ၊ လုပ်ကိုင်ရှင်သန်ဖို့ အတော်လေး ကြိုးစားရုန်းကန်ရတတ်ပါတယ်။

တကယ်လို့ ကိုယ့်နာမည်က အထက်ဖော်ပြပါ နာမည်တွဲထဲမှာ ပါဝင်နေခဲ့ရင်၊ ရောက်ဆဲအသက်ပိုင်းကလည်း ဖော်ပြပါ အသက်ပိုင်းခြားတွေထဲ ရောက်နေမယ်ဆိုရင် …

လက်ရှိ အလုပ်မှာ အစစအရာရာ ဂရုစိုက် လုပ်ကိုင်ဖို့နဲ့ ဘယ်လို ပြဿနာမှ မဖြစ်စေဖို့ ကြိုတင် သတိထားသင့် ပြင်ဆင်သင့်ကြောင်း အကြံပြုလိုပါတယ်။

ဝန်ထမ်း မဟုတ်တဲ့ လုပ်ငန်းရှင်ဆိုရင်လည်း ဖော်ပြပါအသက်ပိုင်းခြားကာလတွေမှာ မိမိရဲ့လုပ်ငန်းစီးပွားတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဂရုတစိုက် လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ ကံတရားက ကိုယ့်ဘက်မှာ မရှိသေးတဲ့အတွက် ကြံစည်အားထုတ် လုပ်ကိုင်သမျှ အမှား နည်းနိုင်သမျှ နည်းအောင်လို့ ဆောင်ရွက်သင့်ပါတယ်။

ဝန်ထမ်းရော လုပ်ငန်းရှင်ပါ အလုပ်ကံ၊ စီးပွားကံတွေ ကောင်းမွန်နိုင်ကြပါစေ
ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)