အိန္ဒိယဗေဒင်ဆရာလေးရဲ့ ဗိုင်းရပ်စ်ဟောကိန်း ဖြေရှင်းချက်

၂၀၁၉ နိုဝင်ဘာကနေ ၂၀၂၀ ဧပြီလအတွင်း ကမ္ဘာပေါ်မှာ စစ်မက် (သို့မဟုတ်) ကပ်ဘေးတစ်ခုခု ကျရောက်နိုင်တယ်လို့ မနှစ်က သြဂုတ်လတည်းက ကြိုတင် ဟောကိန်း ထုတ်နိုင်ခဲ့တဲ့ အိန္ဒိယက ဆယ်ကျော်သက် နက္ခတ်ဗေဒင်ဆရာလေးဟာ သူ့ရဲ့ ဟောပြောချက်နဲ့ ပတ်သက်လို့ ဖြေရှင်းချက် ထုတ်ပြန်လာပြီး နောက်ထပ် ဟောကိန်းသစ်တွေကိုလည်း သူ့ရဲ့ YouTube မှာ တင်ထားပါတယ်။

အဘီဂျာအာနန်လို့ အမည်ရတဲ့ ဒီဗေဒင်ဆရာလေးက သတင်းမီဒီယာတွေဟာ သူ့ဟောပြောချက်ကို အကောက်အယူ လွဲပြီး တင်ပြနေတယ်လို့ ဆိုပါတယ်။ သူ့အပြောအရ လက်ရှိ ကမ္ဘာမှာ အရှိန်အဟုန် နဲ့ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ဟာ လာမယ့် မေလ ၂၉ ရက်နေ့မှာ နိဂုံးချုပ်မယ် လို့ ဟောပြောခဲ့တာ မဟုတ်ဘဲ ကူးစက်ပျံ့ပွားမှုနှုန်း ဖြည်းဖြည်းချင်း စလျော့မယ်လို့သာ ဆိုလိုခဲ့တာ ဖြစ်တယ်လို့ အာနန်က ရှင်းပြပါတယ်။

“လူမှုကွန်ရက်ပေါ်မှာရော တကယ့်မီဒီယာကြီးတချို့ကပါ ကျွန်တော့် ဟောကိန်းကို အကောက်အယူ လွဲနေကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ သူတို့ ရေးကြသလို မေလ ၂၉ ရက်နေ့မှာ အဆုံးသတ်မယ်လို့ ကျွန်တော် မပြောထားပါဘူး။ ဒီအချက်ကို ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။ ဗိုင်းရပ်စ် ကူးစက်နှုန်း ရက်ပိုင်းလောက် နည်းနည်း လျော့သွားမယ်လို့ပဲ ပြောချင်တာပါ” လို့ အာနန်က ရှင်းပြပါတယ်။

သူ့အမြင်အရ ဇွန်လကုန်အထိ ကမ္ဘာကြီးမှာ ကောင်းတာ မရှိနိုင်သေးဘဲ ဇူလိုင်လကျမှ တဖြည်းဖြည်းနဲ့ ကူးစက်ပျံ့နှံ့နှုန်း တဖြည်းဖြည်းချင်း လျော့ကျသွားလိမ့်မယ်လို့ ဆိုပါတယ်။ ဆိုးတာတစ်ခုကတော့ အခု ဗိုင်းရပ်စ်ကို ကုသနိုင်မယ့် ဆေး တွေ့ခဲ့ရင်တောင်မှ ဒီထက် ပိုဆိုးတဲ့ ဗိုင်းရပ်စ်သစ်တွေ ကမ္ဘာမှာ ဆက် ဖြစ်နိုင်သေးတယ်လို့ အာနန်က ဟောပါတယ်။ သူ့ဟောချက်ထဲမှာ ဒီဇင်ဘာ ၂၀ ၊ ၂၀၂၀ နဲ့ ၂၀၂၁ ၊ မတ်လကြားမှာ COVID-19 ထက် ပိုပြင်းထန်တဲ့ ဗိုင်းရပ်စ်သစ် ပေါ်လာနိုင်တယ်လို့ ဆိုထားပါတယ်။

အာနန်ရဲ့ အမြင်အရ ကိုယ်ခံအား ကောင်းအောင် လုပ်မထားရင် ဘယ်လို သိပ္ပံဆေးဝါးကမှ ဗိုင်းရပ်စ် ဘေးကနေ ကယ်တင်နိုင်မှာ မဟုတ်လို့ လူသားတွေအနနဲ့ အော်ဂဲနစ် သဘာဝ အစားအစာတွေကိုပဲ စားသုံးပြီးတော့ ကိုယ်ခံအားကို မြှင့်တင်သင့်တယ်လို့လည်း အကြံပြုထားပါတယ်။

အသက် ၁၄ နှစ်ပဲ ရှိသေးတဲ့ နက္ခတ်ဗေဒင်ဆရာလေး အာနန်ဟာ မနှစ်က သြဂုတ်လတည်းက သူ့ရဲ့ YouTube Channel မှာ လက်ရှိ ဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါဘေးကို အနီးစပ်ဆုံး မှန်ကန်အောင် ဟောကိန်း ထုတ်ပြနိုင်ခဲ့တဲ့အတွက် မီဒီယာတချို့က သူ့အကြောင်းနဲ့ သူ့ရဲ့ ရှေ့ဖြစ်ဟောကိန်းတွေကို သတင်းဆောင်းပါးအဖြစ် ရေးသား ဖော်ပြနေတာ တွေ့ရပါတယ်။ အင်္ဂလိပ်လို တိုက်ရိုက်ဖတ်ချင်ရင် International Business Times ဝက်ဘ်ဆိုဒ်မှာ ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ ဗေဒင်သုတ စာရှုသူများ ဘေးကင်းကျန်းမာကြပါစေ (ဧက- ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)