၂၀၂၃ ခုနှစ် မွေးရက်အလိုက် နှလုံးသားရေးရာ သင်္ချာဗေဒဟောကိန်း

ယခုနှစ်အတွင်း အချစ်ရေး ကံကောင်းမှာလား၊ မေတ္တာရေးကံ အခြေအနေ ဘယ်လိုရှိမလဲ စသည်ဖြင့် သိချင်သူများအတွက် သင်္ချာဗေဒ (ဝါ) ဂဏန်းဗေဒင်ပညာရပ်ဖြင့် တွက်ချက်ဖော်ပြပေးလိုက်ပါသည်။

(၁) ဂဏန်းသမားများ( ၁၊ ၁၀၊ ၁၉၊ ၂၈) ရက် မွေးသူများ
ယခုနှစ်ဟာ သက်ဆိုင်သူနှင့် ပက်သက်၍ အချိန်ပေးဖို့ လိုအပ်သောနှစ် ဖြစ်သည်။ အလုပ်နှင့် အချစ်ရေးကြားတွင် ဟန်ချက်ညီအောင် မထိန်းညှိနိုင်မှုကြောင့် မလိုလားအပ်သော စိတ်အနှောင့်အယှက်များ ဖြစ်ပေါ်ရတတ်သည်။ နားလည်မှုလွဲမှားခြင်းကြောင့် ရုတ်တရက် ဆုံးဖြတ်ချက်ချ မှားတတ်ခြင်းကို သတိပြုပါ။ အိမ်ထောင်ပြုလိုသူများ အခက်အခဲအချို့ ရင်ဆိုင်ရတတ်သော်လည်း နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် အဆင်ပြေသွားမည်။ မိဘအသိုင်းအဝိုင်း၏ ကူညီမှုရမည်။

(၂) ဂဏန်းသမားများ ( ၂၊ ၁၁၊ ၂၀၊ ၂၉) ရက် မွေးသူများ
စန်းပွင့်ခြင်း၊ မေတ္တာရောင်ပြန်ဟပ်ခြင်း ကြုံရမည့်နှစ်ဖြစ်သည်။ ချစ်သူမရှိသူများ ချစ်သူသစ်ရခြင်း ၊ ချစ်သူသစ်ရှိသူများ တည်ငြိမ်စွာဖြင့် နားလည်မှုတည်ဆောက်နိုင်မည်။ ခရီးအတူ သွားဖြစ်ခြင်းများ ကြုံရမည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဖေးမမှု နားလည်မှုများ တည်ဆောက်နိုင်မည်။ မိသားစု အသိုင်းအဝန်းများနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာမည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၃) ဂဏန်းသမားများ ( ၃၊ ၁၂၊ ၂၁၊ ၃၀) ရက် မွေးသူများ
ယခုနှစ်တွင်း နှလုံးသားရေးရာတွင် စိတ်အနှောင့်အယှက်များရတတ်ခြင်းကြောင့် အပြုသဘော ဆောင်သော အကြံဉာဏ်များ လက်ခံရယူပါ။ မကြာခဏ ငြင်းခုံရခြင်းကြောင့် နှစ်ဦးကြား ဆက်ဆံရေး ထိခိုက်စေနိုင်ခြင်း သတိပြုပါ။ ယခုနှစ်သည် တစ်ဦးနှင့်တစ်ဦး အခက်အခဲများ နားလည်မှု လွဲမှားခြင်းများကို ကျော်ဖြတ်နိုင်ရန် စမ်းသပ်မှု ကြုံရမည့်ကာလဖြစ်သည်။ အဆိုပါစမ်းသပ်မှုများကို ကျော်ဖြတ်နိုင်ပါက ပိုမိုခိုင်မာသော သံယောဇဉ်နှင့် နှောင်ဖွဲ့မှုကိုရရှိပေမည်။

(၄) ဂဏန်းသမားများ (၄၊ ၁၃၊ ၂၂၊ ၃၁) ရက် မွေးသူများ
ယခုနှစ် နှလုံးသားရေးရာကိစ္စများတွင် သက်ဆိုင်သူနှင့် ခရီးရှည် ထွက်ရတတ်မည်။ လက်တွဲဖော် ရှာဖွေနေသူများ ယခုနှစ်တွင် လက်တွဲဖော်ရမည်။ မေတ္တာရေးတွင် သံယောဇဉ်နှောင်ဖွဲ့မှု ပိုမို အားကောင်းလာပြီး ယုံကြည်မှုခိုင်မာလာမည်။ သာယာပျော်ရွှင်မှုများ ဖန်တီးရယူနိုင်မည်။

(၅) ဂဏန်းသမားများ (၅၊ ၁၄၊ ၂၃) ရက် မွေးသူများ
မေတ္တာရေး တွင် ထူးခြားသောကိစ္စများ ပေါ်ထွန်းလာမည်။ ချစ်သူမရှိသူများ ချစ်သူသစ် ရမည်။ စန်းပွင့်မည်။ အိမ်ထောင်ပြုရန် ရည်ရွယ်ထားသူများ ရည်မှန်းချက် အောင်မြင်မည်။ နားလည်မှု လွဲမှားခြင်းအပါအဝင် နှလုံးသားရေးရာအခက်အခဲများ ပြေပျောက်သွားမည်။ ချစ်သူ လက်တွဲဖော်နှင့် ညှိနှိုင်းလုပ်ကိုင်ဆောင်ရွက်ခြင်းများမှ အောင်မြင်မှုများရမည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၆) ဂဏန်းသမားများ ( ၆၊ ၁၅၊ ၂၄) ရက်မွေးသူများ
ယခုနှစ်အတွင်း နှလုံးသားရေးရာကိစ္စများတွင် သတိပြုရပေမည်။ နားလည်မှုလွဲစရာကိစ္စများကို ဖြေရှင်းရန် မကြိုးစားဘဲ အရွဲ့တိုက်ခြင်းကြောင့် ပိုမိုဆိုးဝါးစေသောဘက်သို့ ရောက်သွားတတ်သည်။ အချိန်ဆွဲခြင်း ခေါင်းမာခြင်းများ လျော့ကာ အပြုသဘောဆောင်သော ဖြေရှင်းမှုကို လုပ်ဆောင်သင့်သည်။

(၇) ဂဏန်းသမားများ (၇၊ ၁၆ ၊ ၂၅) ရက်မွေးသူများ
မေတ္တာရေး ဘက်တွင် အချိန်ပေးနိုင်မှု အားနည်းမှုနည်းတတ်သည်။ ချစ်သူ လက်တွဲဖော်၏ တိုးတက်မှုများကို မြင်တွေ့ရတတ်မည်။ အလုပ်နှင့် အချစ်ရေး ကိစ္စများတွင် ဟန်ချက်ညီအောင် ချိန်ညှိပေးရပါမည်။ စိတ်အနှောင့်အယှက် ဖြစ်စေမည့် အရာများကို တတ်အားသရွေ့ ရှောင်ကြဉ်သင့်သည်။ တစ်ဦးပေါ်တစ်ဦး လေးစားမှုဖြင့် အပြန်အလှန် ကောင်းသောနားလည်မှုကို တည်ဆောက်ထားသင့်သည်။

(၈) ဂဏန်းသမားများ ( ၈၊ ၁၇ ၊ ၂၆) ရက်မွေးသူများ
သံသယဖြစ်စရာများ နှင့် စိတ်မလုံခြုံမှုအချို့ကြောင့် စိတ်ပင်ပန်းရတတ်မှု ရှိတတ်မည်။ ယခုနှစ်တွင် လက်တွဲဖော်၏ လုပ်ဆောင်မှု အမှားအနည်းငယ်ကြောင့် စိတ်ရှုပ်စရာ ကြုံရတတ်ပြီး ဆုံးဖြတ်ချက် အဆုံးစွန်ထိ ရောက်တတ်သွားခြင်းကို သတိပြုပါ။ နားလည်မှုဖြင့် ဖြေရှင်းမှ အဆင်ပြေသွားမည်။ လေးစားမှု၊ ဂရုစိုက်မှု၊ ယုံကြည်မှုတို့ဖြင့် တည်ဆောက်ယူပြီး ဖြေရှင်းအဆင်ပြေသွားမည်။

(၉) ဂဏန်းသမားများ (၉၊ ၁၈၊ ၂၇) ရက်မွေးသူများ
ရုတ်တရက် ဖြစ်လာသော စိတ်ရှုပ်စရာများကြောင့် မေတ္တာရေးတွင် ဆုံးဖြတ်ချက် မှားယွင်းတတ်ခြင်း သတိပြုပါ။ အချိန်ပေးနိုင်မှုရှိရန်လိုအပ်သောနှစ်ဖြစ်သည်။ အနေဝေးသူများ မကြာခဏ အဆင်မပြေမှု ဖြစ်ရတတ်သည်။ ကောင်းမွန်သော မေတ္တာရေးဘဝတစ်ခုကို အချိန်ယူတည်ဆောက်နိုင်ရန် လိုပါမည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)