နှစ်ဟောင်းအကုန်၊ နှစ်သစ်အကူးမှာ ကံထူးနိုင်တဲ့ ရာသီခွင်များ

လက်ရှိ ၂၀၂၃ ခုနှစ် တရွေ့ရွေ့ ကုန်ဆုံးဖို့ နီးလာတာနဲ့အမျှ ၂၀၂၄ နှစ်သစ်ကို ကူးပြောင်းရောက်ရှိဖို့ကလည်း တဖြည်းဖြည်း နီးသထက် နီးလာပါတယ်။ အခုလို နှစ်ဟောင်း ကုန်ဆုံးခါနီး လို့ နှစ်သစ်ကို ချဉ်းကပ်လာချိန်မှာ ဘယ်ရာသီဖွားတွေရဲ့ကံဇာတာက ဘယ်လို ထူးခြားပြောင်းလဲလာနိုင်မလဲဆိုတာ တင်ပြလိုက်ပါတယ်။

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀)

ပြီးခဲ့တဲ့လတွေက ပင်ပန်းတကြီး ရုန်းကန်ခဲ့ရသမျှ၊ အသည်းအသန် ချွေတာခဲ့ရသမျှ၊ သည်းခံမျိုသိပ်ခဲ့ရသမျှတွေ ပြီးဆုံးတော့မှာ ဖြစ်တယ်။ အလုပ်အကိုင်၊ စီးပွားရေးပိုင်းတွေမှာ ထစ်ငေါ့ ကြန့်ကြာခဲ့တာတွေ လမ်းကြောင်းပေါ် ပြန်ရောက်လာမယ်။ အရင်လတွေက ပုခုံးပေါ် ပုံကျခဲ့သမျှ တာဝန်တွေကို ပေါ့ပေါ့ပါ့ပါး ကိုင်တွယ်လာနိုင်မယ်။ ငွေကုန်ပေါက်တွေကို ပြန်ပိတ်နိုင်မှာ ဖြစ်သလို ရင်းနှီးထည့်ဝင်ထားတာတွေ၊ ရစရာတွေလည်း ပြန်ရလာမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀)

အသက်ရှူကျပ်မတတ် ကြိုးစားခဲ့ရတဲ့ ကာလတွေ ပြီးဆုံးတော့မှာ ဖြစ်ပြီး ကိုယ်လုပ်ခဲ့သမျှ ပြန်ခံစားရတော့မှာ ဖြစ်တယ်။ ဘက်ပေါင်းစုံက ဖိအားတွေ၊ မွန်းကြပ်မှုတွေလည်း ပြေလျော့သက်သာတော့မှာ ဖြစ်ပြီး ကိုယ့်အပေါ် အကျိုးပြုမယ့် အဆက်အသွယ်တွေလည်း ရရှိလာမယ်။ အရင်က နားလည်မှု လွဲခဲ့တာတွေကိုလည်း ကျကျနန ပြန်ဖြေရှင်းခွင့် ရမယ်။ ဝေးကွာနေသူတွေလည်း ပြန်ဆက်သွယ်နိုင်ပြီး စိတ်လက်ပေါ့ပါးမှုတွေ ပိုရလာလိမ့်မယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀)

ဟိုးအရင်လတွေက ပိတ်ဆို့နေတဲ့ လာဘ်လာဘတွေ၊ ဝင်လာမလိုလိုနဲ့ ဝေ့လည်နေတဲ့ ငွေကြေးတွေ မကြာခင် ပြန်ရလာဖို့ ရှိနေတယ်။ မူမမှန်ဘဲ မနည်း လုပ်ကိုင်နေရတဲ့ လုပ်ငန်းစီးပွားအခြေအနေက လမ်းကြောင်းမှန်ပေါ် ပြန်သွားနိုင်မယ်။ လက်ဖွာအသုံးကြမ်းခဲ့သမျှကိုလည်း ကိုယ့်ဖာသာ ပြန်ထိန်းလာနိုင်ပြီး မိတ်ဆွေကောင်းတွေ၊ အသိုင်းအဝိုင်းကောင်းတွေနဲ့ ပြန်နီးစပ်လာမယ်။ သွားချင်နေတဲ့ခရီး၊ လုပ်ချင်နေတဲ့ကိစ္စတွေ လုပ်လာနိုင်မယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂)

ကာလအတော်ကြာ ဖြစ်ပေါ်နေခဲ့တဲ့ အချစ်ရေး၊ အိမ်ထောင်ရေး ပြဿနာတွေ တဖြည်းဖြည်း ပြေလည်မှု ပြန် ရလာမယ်။ လူမှုဆက်ဆံရေးမှာ နားလည်မှု လွဲတာ၊ အေးတိအေးစက် ဖြစ်ခဲ့တာတွေလည်း မကြာခင်အတွင်း ပြန်ကောင်းလာပြီး အပြန်အလှန် နွေးထွေးမှု ရလာလိမ့်မယ်။ ကိုယ့်အတွက် အကျိုးပြုမယ့် လူမှုဆက်ဆံရေး ထူထောင်နိုင်မယ်။ ပျိုရွယ်သူတွေ နှလုံးသားရေးမှာ အဆိုးကနေ အကောင်းကို လှည့်ပြောင်းသွားနိုင်တယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂)

လအတန်ကြာ ဗရုတ်သုက္ခ ဖြစ်နေတဲ့ လုပ်ငန်းစီးပွားအခြေအနေက အကောင်းဘက်ကို ဦးတည်လာတော့မယ်။ ရှေ့တိုးမယ့်ဆင် နောက်တစ်လှမ်း ဆုတ်ခဲ့သလို နှစ်ဟောင်းအကုန်၊ နှစ်သစ်အကူးမှာ အရှိန်အဟုန်နဲ့ တိုးတက် အောင်မြင်လာဖို့ ရှိတယ်။ လုပ်ငန်းတိုးချဲ့ရတာ၊ အလုပ်သစ် စတင်တာ၊ ဈေးကွက် ချဲ့ထွင်တာတွေ ဖြစ်လာပြီး အကျိုးစီးပွားအသစ်တွေ ဖန်တီးနိုင်မယ်။ ငွေရေးကြေးရေးပြဿနာတွေကိုလည်း ဖြည်းဖြည်းချင်း ရှင်းနိုင်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁)

ပြီးခဲ့တဲ့လတွေမှာ အဆင်မပြေ ဖြစ်ခဲ့တဲ့ လူမှုရေး၊ မေတ္တာရေးကိစ္စတွေက မကြာခင်မှာ ပြန်ကောင်းလာတော့မှာ ဖြစ်တယ်။ နှလုံးသားရေး ကံမကောင်း အကြောင်းမလှခဲ့တဲ့ လူငယ်လူရွယ်တွေ ဒီနှစ်ကုန်၊ ရှေ့နှစ်ဆန်းက စပြီး ကြည်နူးဝမ်းမြောက်စရာလေးတွေ မြင်တွေ့ခံစားရလိမ့်မယ်။ ငွေကြေးစီးပွားနဲ့ လူမှုဆက်ဆံရေး အခက်အခဲတွေ ပြန်ကောင်းလာဖို့လည်း ရှိတယ်။ ငွေကြေးလည်ပတ်မှု မှန်လာပြီး လုပ်ကိုင်ကြံစည်တာတွေ အောင်မြင်လာမယ်။

ဒါကတော့ နှစ်ဟောင်းအကုန်၊ နှစ်သစ်အကူးအပြောင်းကာလမှာ ကောဇာဂြိုဟ်အနေအထားတွေပေါ် မူတည်ပြီး ကံဇာတာ အပြောင်းအလဲကောင်းတွေ ဖြစ်ပေါ်လာနိုင်တဲ့ ရာသီဖွားတွေကို အထူးအလေးထား တင်ပြပေးတာ ဖြစ်ပါတယ်။ အားလုံးပဲ ကံကောင်းကြပါစေ…။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)