နွေဦး တစ်မနက်တွင် ကျွန်တော် ဘုရားရှိခိုးအပြီး ဘုရားခန်းမှ ထွက်လာ သောအခါ ဧည့်ခန်း၌ တပည့်တစ်ဦး ရောက်နေသည်ကို တွေ့ရပါသည်။ ထိုတပည့်သည် ကျွန်တော့်ကို မြင်လျှင်မြင်ချင်း ဤသို့စကားစပါသည်။
“ဆရာ ဘုရားရှိခိုးတာ အတော် ကြာသားပဲ ဆရာ။ ကျွန်တော် ရောက် နေတာ အတော်ကြာပြီ။ ကျွန်တော့် ဦးလေးက အနေကဇာတင်ပွဲရှိလို့ ဆရာ့ ကို တစ်ပါတည်း ခေါ်ခဲ့ပါ ဆိုတာနဲ့ စောင့်နေတာပါ ဆရာ။
ဒါ့ထက် ဆရာက ဘုရားရှိခိုး အပြီး ပရိတ် (၁၁) သုတ်စလုံး ရွတ်ဆို ပူဇော်တယ်နော်”
“ဟုတ်တယ်၊ ပရိတ် (၁၁) သုတ် စလုံးကို ရွတ်ဆို ပူဇော်ပါတယ်”
“ပရိတ် (၁၁)သုတ်စလုံးကိုရွတ်ဆို ပူဇော်ပြီဆိုတော့ ကြာပြီပေါ့ ဆရာ”
“ရွတ်ဆို ပူဇော်နေကျမို့လား မပြောတတ်ဘူး၊ ဆရာ့အဖို့တော့ ကြာတယ်လို့ မထင်ဘူး”
“ကျွန်တော်တော့ ပရိတ် (၁၁) သုတ်လုံး မရွတ်နိုင်ပါဘူး ဆရာ။ မင်္ဂလသုတ်၊ မေတ္တသုတ်၊ ခန္ဓသုတ်၊ မောရသုတ်၊ ဝဋ္ဋသုတ်ဆိုတဲ့ သုတ် (၅)သုတ်ကို ရွတ်ဆို ပူဇော်ပါတယ်။ အဲဒီ (၅) သုတ် ရွတ်ဆို ပူဇော်တာတောင် အတော် ကြာလှပြီ ထင်နေတာ”
“ရွတ်ဆို ပူဇော်စမို့ပါ၊ အလေ့အကျင့် ရသွားရင် မြန်သွားမှာပါ”
“ဒါ့ထက် ဆရာ၊ ပရိတ်တော်တွေ ကို ဗုဒ္ဓမန္တန်တော်လို့ ခေါ်ကြပါတယ် ဆရာ။ အဲဒီလို ခေါ်လို့ရပါ့မလား ဆရာ”
“ခေါ်မယ် ဆိုရင်လည်း ခေါ်လို့ ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခန္ဓ သုတ်မှာ ဒိဗ္ဗမန္တာ ဂဒံဝိယ – နတ်မန္တန်၊ နတ်ဆေးဝါးနှင့်တူသည် လို့ ဆိုထား တယ်။ နောက်ပြီးတော့ ဗောဇ္ဈင်္ဂသုတ်မှာ သြသဓဉ္စ ဣမံ မန္တန် -ဆေးသဖွယ်၊ မန္တန် သဖွယ် ဖြစ်သည် လို့ ဆိုထားတယ်။
အဲဒီလိုဆိုထားတာကို ထောက်ပြီး မန္တန်လို့ ခေါ်မယ် ဆိုရင်လည်း ခေါ်နိုင်ပါတယ်”
“သဘောပေါက်ပါပြီ ဆရာ။ ကျွန်တော်တော့ စောစောက ပြောခဲ့ သလိုပဲ ပရိတ် (၅) သုတ်ပဲ ရွတ်ဆိုပူဇော် နိုင်ပါသေးတယ်။ ဒါတောင် ကျေကျေ ညက်ညက် မရှိလှသေးဘူး ဆရာ။အနားမှာ ပရိတ်ကြီးစာအုပ် အဆင်သင့်ထားရတယ်”
“သုတ် (၅)သုတ် ရနေပြီ ဆိုတော့ ကျန်(၆)သုတ်ကို မကြာခင် ရမှာပါပဲ။ ကျက်တဲ့အခါ သူတို့ကို သီးသန့် အချိန်ပေးပြီး ကျက်မနေနဲ့။ ဘုရားရှိခိုးအပြီး ပရိတ်ရွတ်ဆိုပူဇော်တဲ့အခါ မရသေးတဲ့ သုတ် (၆) သုတ်ကို စာအုပ်ကြည့်ပြီး ရွတ်ဆိုပူဇော်ပေါ့။ နေ့စဉ် ရွတ်ဆိုပူဇော်၊ မကြာခင် ရလာပါလိမ့်မယ်။ ပရိတ် (၁၁) သုတ်လုံးရအောင် ကျက်ခိုင်းရတာက ဆရာ့မှာ အကြောင်းရှိလို့ပါ”
“ဘာများလဲ ဆရာ”
“ဒီလိုပါ၊ ကျေးဇူးတော်ရှင် တောင်ပုလု ဆရာတော်ဘုရားကြီးက မိန့်ဆိုထားတယ်။ ပရိတ်ကြီး (၁၁) သုတ်ကို နေ့စဉ် (၃) ခေါက် ရွတ်ဆိုပူဇော်ပါ။ သုံးနှစ်စေ့ရင် ချမ်းသာမယ်တဲ့”
“ဆရာ၊ ပရိတ်ကြီး (၁၁)သုတ်ကို နေ့စဉ် ရွတ်ဆိုပူဇော်လာတာ (၃)နှစ်မက တော့ဘူး။ ဒီတော့ ဆရာ ချမ်းသာနေပြီပေါ့”
“ဆရာတော်ဘုရားကြီး မိန့်ဆိုထားတာက နေ့စဉ် (၃) ခေါက် ရွတ်ဆို ပူဇော်ရမယ်တဲ့။ ဆရာက တစ်ခေါက်ပဲ ရွတ်ဆိုပူဇော်နိုင်တယ်။ နေ့စဉ်(၃)ခေါက် ရွတ်ဆို ပူဇော်နိုင်အောင် ကြိုးစားရဦးမယ်”
“ဒီကနေ့ ကျွန်တော် စောစော ရောက်နေတော့ ဆရာ ပရိတ် ရွတ်ဆို ပူဇော်တာကို အစအဆုံး မီလိုက်တယ် ဆရာ။ ပရိတ် ရွတ်ဆို ပူဇော်ပြီးတော့ ဆရာက သစ္စာဆို ဆုတောင်းသေးတယ် နော်”
“ဟုတ်တယ်၊ သစ္စာဆို ဆုတောင်း ပါတယ်။အဲဒါ ဆရာတော်ဘုရားကြီးတွေ ညွှန်ပြတဲ့ အကျိုးရအောင် ရွတ်ဆိုပူဇော် တဲ့နည်းပဲ”
“ကျွန်တော်တို့ကိုလည်း ပြောပြပါဦး ဆရာ”
“ပြောပြပါ့မယ်၊ဆရာတော်ဘုရားကြီးတွေ ညွှန်ပြထားတာက ပရိတ် ရွတ်ဆိုပူဇော်ရင် အဓိဋ္ဌာန်နဲ့ ရွတ်ဆို ပူဇော်ရမယ်တဲ့။
ဥပမာ ပြောရရင် မေတ္တသုတ်ကို ရွတ်ဆို ပူဇော်မယ် ဆိုပါတော့။
ဘုရားတပည့်တော်ဟာ မေတ္တသုတ်ကို (၉)ရက်တိတိ ရွတ်ဆိုပူဇော်ပါ့ မယ်။ အဲဒီလို အဓိဋ္ဌာန် ပြုရမယ်။ နောက် တရားနာယူမယ့် ပုဂ္ဂိုလ်တွေကို ဖိတ်ကြားရမယ်။ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ ခြံစောင့်နတ်စတဲ့ နတ်အပေါင်းကို ဖိတ်ကြားရမယ်။ နောက် ပရိတ်ရွတ်ဆို ပူဇော်ပြီးတဲ့အခါမှာ သစ္စာဆိုဆုတောင်း ရတယ်။ အဲဒါ အင်မတန် အရေးကြီးတယ်”
“ဘယ်လို သစ္စာဆို ဆုတောင်း ရမှာလဲ ဆရာ”
“ပြောပြပါ့မယ်။ မေတ္တသုတ်ကို ရွတ်ဆိုပူဇော်ပြီးပြီ ဆိုပါတော့။
‘တပည့်တော်ဟာ မေတ္တသုတ်ကို ရွတ်ဆို ပူဇော်ပြီးပါပြီ။ ဤစကားဟာ မှန်ကန်တဲ့သစ္စာစကား ဖြစ်ပါတယ်။
မေတ္တသုတ်ရဲ့ တန်ခိုးရှိန်စော် အာနုဘော်တော်ကြောင့် လည်းကောင်း၊ မေတ္တသုတ်ကို ရွတ်ဆို ပူဇော်ရတဲ့ ကုသိုလ်ကောင်းမှု၊နာကြားရတဲ့ ကုသိုလ် ကောင်းမှု အစုစုတို့ကြောင့် လည်းကောင်း တပည့်တော်ဟာ အနာရောဂါ ကင်းရပါလို၏’
လို့ ဆုတောင်းနိုင်ပါတယ်။ ဒါက နမူနာ သစ္စာဆို ဆုတောင်းပြတာပါ။
တပည့် အနေနဲ့ တပည့် လိုအပ်လိုတာကို ဆုတောင်းနိုင်ပါတယ်။
သစ္စာဆို ဆုတောင်းပြီးပြီ ဆိုရင် တော့ အားလုံးကို အမျှ ပေးဝေရမယ်။ အဲဒါဟာ အကျိုးရအောင် ရွတ်ဆိုပူဇော် နည်းပါပဲ”
“ကျေးဇူးကြီးလှပါတယ် ဆရာ။ ကျွန်တော်က ပရိတ်သာ ရွတ်ဆို ပူဇော်နေတာ၊ ဒီလို သစ္စာပြု ဆုတောင်းရမှန်း မသိပါဘူး။နောင်ပရိတ်ရွတ်ဆိုပူဇော်တဲ့ အခါတော့ ဆရာပြောတဲ့နည်းနဲ့ အကျိုး ရအောင် ရွတ်ဆို ပူဇော်ပါ့မယ်”
“ဒါပေါ့ တပည့်ရယ်၊ ဆရာတို့လည်း အစက မသိခဲ့ပါဘူး။ နောင် စာတွေ ဖတ်လာတော့မှ သိရတာ။ ဘယ်သူမဆို ကိုယ်လုပ်တဲ့ အလုပ်ကို အကျိုးရှိအောင် လုပ်ချင်မှာပေါ့။ နည်းမသိတော့လည်း မလုပ်တတ်ဘူးပေါ့။ အခု တပည့်ကို ဆရာ နည်းပေးလိုက်ပြီ။ တပည့် ကိုယ်တိုင်လည်း လုပ်ပါ။ အခြား သူတွေကိုလည်း ဖြန့်ဝေပါ”
“ဟုတ်ကဲ့ပါဆရာ၊ ဖြန့်ဝေပါ့မယ်”
ဤသို့လျှင် ထိုမနက်က ကျွန်တော် နှင့် ကျွန်တော့်တပည့်တို့သည် ပရိတ်တော် ရွတ်ဆိုပူဇော်ခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပြီးနောက် ကျွန်တော်တို့ သည် အနေကဇာတင်ပွဲသို့ ထွက်ခဲ့ကြပါသတည်း။
မြဝင်း(ဒဿန) ၂၀၀၇ ဇွန်လထုတ် သူရဇ္ဇ (စာ-၁၁၇)
(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)