နေ့ဖွားအားလုံးအတွက် ၁၃၈၅ ခုနှစ် ကံဇာတာ

မြန်မာနှစ်သစ် ၁၃၈၅ ခုနှစ် (အင်္ဂလိပ်ခရစ်နှစ် 17.4.2023 မှ 16.4.2024 အတွင်း) ၇ ရက်သားသမီး ကံဇာတာ ဟောစာတမ်းကို ဖော်ပြပေးလိုက်ပါသည်။ ဤဟောစာတမ်းသည် ၂၀၂၄ ၊ ဧပြီလလယ်ထိ အကျိုးသက်ရောက်မှု ရှိနေမည် ဖြစ်သည်။

၁၃၈၅ ခုနှစ်အတွင်း ကံဇာတာ အမြင့်မားဆုံးသည် ဗုဒ္ဓဟူးနေ့ဖွားများ ဖြစ်သည်။ မိမိတို့ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုများကြောင့် အောင်မြင်မှုရမည့်နှစ် ဖြစ်သည်။ ကြာသပတေးနေ့ဖွားများသည် ဒုတိယအဆင့် ကံအကောင်းဆုံးနေ့သားသမီးများ ဖြစ်သည်။

မြန်မာနှစ် ၁၃၈၅ ခုနှစ်အတွင်း နေ့ဖွားအသီးအသီး၏ ကံဇာတာအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်သည်။

တနင်္ဂနွေနေ့ဖွားများ

ရပ်ဝေး၊ နိုင်ငံရပ်ခြားနှင့်ပက်သက်၍ လုပ်ငန်းစီးပွား ဖြစ်ထွန်းလွယ်မည့်နှစ်ဖြစ်သည်။ အိုးအိမ် နေရာထိုင်ခင်း ကံကောင်းမည်။ မိတ်ဆွေကောင်းများနှင့်ဆုံဆည်းရမည်။ မထင်မှတ်ထားသော ကိစ္စများမှ အကျိုးစီးပွား ဖြစ်ထွန်းမည်။

တနင်္လာနေ့ဖွားများ

ကျန်းမာရေး သတိပြုရမည့်နှစ်ဖြစ်သည်။ သူတပါးကိစ္စများတွင် ကြားညပ်တတ်သဖြင့် မပါဝင်မိစေရန် သတိပြု့ါ။ စီးပွားလုပ်ငန်းကိစ္စများတွင် ရန်အတိုက်ခံများနှင့်ယှဉ်၍ လုပ်ကိုင်ရတတ်သည်။ မိသားစုအတွင်း ကောင်းသောအပြောင်းအလဲများ ပေါ်ထွန်းမည်။

အင်္ဂါနေ့ဖွားများ

ကိုယ်ပိုင်အစွမ်းအစကို အပြည့်အ၀ အသုံးချနိုင်မည်။ ငွေကြေးစီးပွား အလုံးအရင်းနှင့် ဝင်တတ်သည်။ ကိုယ်ပိုင်စီးပွားရေး စတင်တိုးချဲ့နိုင်မည်။ အိမ်ထောင်ရေး မေတ္တာရေးတွင် စိတ်ချမ်းသာစရာ ကြုံမည်။ မြေကိစ္စ အမွေကိစ္စများ အောင်မြင်မှုရမည်။

ဗုဒ္ဓဟူးနေ့ဖွားများ

ကံကောင်းမည့်နှစ် ဖြစ်၍ ကိုယ်တိုင်ကြိုးစားတည်ဆောက်မှုများ အရာထင်လိမ့်မည်။ ငွေကြေးစီးပွား အစုလိုက် ဝင်လာတတ်မည်။ အလှူဒါန ပြုရတတ်သည်။ မိသားစုတွင်း ငွေကြေးဥစ္စာ တိုးတက်မည်။ ငွေစုဆောင်းရာတွင်မူ အတက်အကျ မတည်ငြိမ်မှုတို့ ရှိနေတတ်မည်။

ကြာသပတေးနေ့ဖွားများ

မှီခိုအားထားရာကောင်း တွေ့ရတတ်မည်။ တပိုင်းတစ ဖြစ်နေသောကိစ္စများ ပြီးပြတ်သွားမည်။ အိမ်ထောင်ရေး မေတ္တာရေးတွင် အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်။ ရင်းနှီးမြုပ်နှံမှုများ လုပ်ဆောင်ရတတ်မည်။

သောကြာနေ့ဖွားများ

ကံဇာတာ အနိမ့် အမြင့် အတက်အကျများတတ်သောနှစ်ဖြစ်သည်။ အချစ်ရေး အိမ်ထောင်ရေးတွင် စန်းပွင့်ခြင်း ရှိမည်။ လက်တွဲဖော်အတွက် စိတ်ချမ်းသာစရာများ ဖန်တီးပေးနိုင်မည်။ နေရာထိုင်ခင်း အပြောင်းအရွှေ့များတွင် ကံကောင်းတတ်သည်။

စနေနေ့ဖွားများ

တစ်နှစ်တာလုံး တွေဝေဒွိဟစိတ် များနေတတ်သည်။ ဆုံးဖြတ်ချက် မပြတ်သားခြင်းကြောင့် အချိန်ကုန် လူပန်းဖြစ်တတ်သည်။ ဖြစ်လိုသောဆန္ဒအချို့ ပြည့်ဝရန်ကံအခွင့်လမ်း ပေးလာတတ်မည်။ အိမ်ထောင်ရေး မေတ္တာရေးတွင် ပဋိပက္ခ ဖြစ်တတ်သော်လည်း ပြန်အဆင်ပြေမည်။ မိတ်ဆွေကောင်းများ နှင့်ပြန်လည် ဆုံဆည်းရတတ်မည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ

ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)