မြန်မာနှစ် ၁၃၈၅ ခုနှစ်မှာ အကြွင်းဖွားအလိုက် သတိထားစရာများ

မြန်မာကောဇာနှစ်သစ် ၁၃၈၅ ခုနှစ်မှာ မဟာဘုတ်အကြွင်းဖွားအလိုက် သတိထားရမယ့် အကြောင်းအရာတွေနဲ့ တစ်နှစ်တာအတွင်း အဓိက ရင်ဆိုင်ရတတ်တဲ့ကိစ္စတွေကို ကြိုတင် သတိပြုနိုင်ဖို့ တင်ပြလိုက်ပါတယ်။

မှတ်ချက် – မိမိရဲ့ မြန်မာမွေးနှစ်ကို (၇) နဲ့စားလို့ ရလာတဲ့အကြွင်းကို မဟာဘုတ်အကြွင်းလို့ သတ်မှတ်ပါတယ်။ မြန်မာနှစ် ၁၃၈၅ (အင်္ဂလိပ်လို ၁၇.၄.၂၀၂၃ ကနေ ၁၆.၄.၂၀၂၄) အတွင်း အကြွင်းဖွားအလိုက် ကြုံရတတ်တဲ့ အကြောင်းအရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

မဟာဘုတ် (၁) ကြွင်းဖွားတွေဟာ ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကျောင်းပိုင်းမှာ ဆိုးတစ်ခါ၊ ကောင်းတစ်လှည့် ကြုံရတတ်ပါတယ်။ ညံ့မယ်ထင်ထားတာတွေက ကောင်းသွားတတ်ပြီး ဘာမှ မဖြစ်ပါဘူးလို့ ပေါ့ဆမိတာတွေက မမျှော်လင့်ဘဲ ညံ့သွားတတ်ပါတယ်။ အစိုးရ၊ အာဏာပိုင်နဲ့ ပတ်သက်ရင် မပေါ့ဆဖို့လည်း သတိပြုအပ်ပါတယ်။

မဟာဘုတ် (၂) ကြွင်းဖွားတွေဟာ ငွေကြေးကိစ္စ၊ ဘဏ်ကိစ္စ၊ မြေယာနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ အလွဲအချော် များတတ်ပါတယ်။ ရည်ရွယ်တာက တစ်မျိုး၊ ဖြစ်လာတာက တစ်ခြားနဲ့ ကြုံရတတ်ပါတယ်။ လူငယ်လူရွယ်တွေ အပျော်အပါးကြောင့် ဒုက္ခများတတ်ပါတယ်။ လုပ်ငန်းချဲ့၊ ဈေးကွက်ချဲ့၊ နယ်ပယ်ချဲ့လိုသူတွေ ခက်ခဲနိုင်ပါတယ်။

မဟာဘုတ် (၃) ကြွင်းဖွားတွေဟာ ငွေကြေးပြဿနာတွေ ပေါ်လာတတ်ပါတယ်။ အလှူ၊ မင်္ဂလာကိစ္စတွေလည်း ပျက်တတ်ပါတယ်။ ခရီးဝေးကိစ္စတွေ ခက်ခဲနှောင့်နှေးတတ်ပြီး လမ်းခရီးမှာပါ အနှောင့်ယှက် များတတ်ပါတယ်။ ခရီးသွားတိုင်း သတိထားသင့်ပါတယ်။ အလကားနေရင်းထိုင်ရင်း သူများ အမြင်ကပ်ခံ၊ အမုန်းခံရတတ်ပါတယ်။

မဟာဘုတ် (၄) ကြွင်းဖွားတွေက အိတ်ပေါက်နဲ့ဖားကောက်သလို ရှာဖွေသမျှ ပြန်ကုန်လွယ်တတ်ပါတယ်။ သူခိုး သူဝှက် ခါးပိုက်နှိုက်နဲ့ ကြုံရတတ်ပြီး ဥစ္စာပစ္စည်း လျော့ပါးဆုံးရှုံးမှု ဖြစ်တတ်ပါတယ်။ အပျော်အပါးအသွားအလာ ဇိမ်ခံစရာတွေကြောင့် နစ်နာရတတ်ပါတယ်။ အိမ်သူသက်ထား (သို့) ချစ်ရသူအတွက် စိတ်ညစ်ရတတ်ပါတယ်။

မဟာဘုတ် (၅) ကြွင်းဖွားတွေက ဒီနှစ်မှာ ဒေါသထွက်စရာသည်းမခံနိုင်စရာတွေ မကြာခဏ ဖြစ်တတ်ပါတယ်။ အချင်းချင်း စိတ်ဝမ်းကွဲစရာတွေ၊ စေ့စပ်ညှိနှိုင်းမရတာတွေ၊ နားလည်မှု လွဲတာတွေလည်း ဖြစ်ပွားတတ်ပါတယ်။ ပြဿနာကြီးကြီးမားမား မဟုတ်သည့်တိုင် သတိပြုရပါမယ်။ မတော်တဆမှုလေးတွေလည်း ကြုံရတတ်ပါတယ်။

မဟာဘုတ် (၆) ကြွင်းဖွားတွေက တစ်ခုထက်မကတဲ့ တာဝန်တွေ အမျိုးမျိုးကို ကိုင်တွယ်ရတတ်ပြီး ဒီနှစ်ထဲမှာ သည်းခံရ မျိုသိပ်ခံစားရတာတွေလည်း များလာတတ်ပါတယ်။ နိုင်ငံရပ်ခြားကိစ္စတွေမှာ မတင်မကျ ဖြစ်လာပြီး ဟိုမရောက်ဒီမရောက်နဲ့ ဖြစ်ရတတ်ပါတယ်။ ဘယ်အရာမှ သေချာ အာရုံမစိုက်နိုင်ဘဲ စိတ်ပျံ့လွင့်တတ်ပါတယ်။

မဟာဘုတ် (ဝ) ကြွင်းဖွားတွေက လူတွေ အထင်လွဲအမြင်လွဲတာမျိုး ခံရတတ်ပါတယ်။ နားလည်မှု လွဲချော်ပြီး အချောင် ခံရတာ၊ သူများကိစ္စတွေကြားထဲ ဝင်ပါမိလို့ စိတ်ညစ်ရတာမျိုး ကြုံရတတ်ပါတယ်။ သတင်းအမှားတွေ ကောလာဟလတွေကြောင့် နစ်နာရတတ်ပြီး သေချာ တွက်ချက် လုပ်တာတောင်မှ ကြံဖန် လွဲတတ်ပါတယ်။

ဒီနှစ်မှာ မဟာဘုတ် (၃) ကြွင်းဖွားနဲ့ (၄) ကြွင်းဖွားတွေဟာ သူများထက် ပိုပြီးတော့ သတိထားရမှာ ဖြစ်ပါတယ်။ အခု ဖော်ပြတဲ့ သတိထားစရာကိစ္စတွေဟာ အဆိုးတွေချည်း ကွက်ပြောထားတာ မဟုတ်ဘဲ တစ်နှစ်တာအတွင်း ကိုယ့်ဘက်က ကြိုတင်ဂရုစိုက်ရမှာတွေကို မီးမောင်းထိုးပြထားတာသာ ဖြစ်ကြောင်း  အသိပေးအပ်ပါတယ်။

နေ့ဖွားအားလုံး ကံကောင်းကြပါစေ

ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)