၁၃၈၅ ခုနှစ် နာမည်အကျိုးပေးကံ

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် (17.4.2023 မှ 16.4.2024 အတွင်း) မှာ ဘယ်လိုနာမည်အမျိုးအစားတွေ ကံအားကောင်းမလဲ၊ ဘယ်လိုနာမည်ရှင်တွေက ကံအားနည်းမလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ဘယ်လိုနာမည်ရှင်တွေ ကံကောင်းလာမလဲ

ယခုနှစ်မှာ ကြာသပတေးအစ + ဗုဒ္ဓဟူးအဆုံး နာမည်ရှင်တွေကတော့ ကံအားသာဆုံးပါပဲ။ (ဥပမာ – မြင့်ဝေ၊ မျိုးဝင်း၊ ပြည့်ဖြိုးလင်း၊ ဘုန်းမြတ်ယံ) စသဖြင့် ဖြစ်ပါတယ်။

ဒီနာမည်ရှင်တွေဟာ မြန်မာနှစ် ၁၃၈၅ ခုနှစ်အတွင်း အတတ်ပညာသစ် ဆည်းပူးခြင်း၊ အကြံအစည်များ အောင်မြင်ခြင်း၊ မိတ်ဆွေကောင်းများရရှိခြင်း ဂုဏ်ထူး (သို့) ဆုလက်ဆောင်များ ရရှိခြင်း ဘာသာရေး အဓိဌာန်များ အောင်မြင်ခြင်း မရွယ်ဘဲစော်ကဲမင်းဖြစ်ခြင်း ဆိုသကဲ့သို့ မထင်မှတ်ဘဲ ကံကောင်းခြင်းများ ရရှိခံစားတတ်တဲ့နှစ်ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒုတိယကံအားကောင်းစေမယ့် နာမည်တွေကတော့ ဗုဒ္ဓဟူးအစ+ဗုဒ္ဓဟူးအဆုံး နာမည်တွေပဲဖြစ်ပါတယ်။ (ဥပမာ – လင်းလင်း၊ ဝင်းဝင်း၊ ရဲဝေ၊ ရန်လင်း) စသဖြင့် ဖြစ်ပါတယ်။

အဆိုပါနာမည်ရှင်တွေဟာ ဒီနှစ်ထဲမှာ ကိုင်တိုင် ကြိုးပမ်းအားထုတ်မှုတွေ အောင်မြင်မှုရတတ်ပြီး လူမှုဆက်ဆံရေးမှာ အောင်မြင်မှု ရလွယ်တတ်တဲ့ နာမည်ရှင်တွေဖြစ်ပါတယ်။ အဆက်အသွယ်ကောင်း ရခြင်း၊ ငွေကြေးစီးပွား တိုးတက်မှုများ ရရှိခြင်း စတဲ့ ကောင်းကျိုး ခံစားရမှုတွေဖြစ်စေပါတယ်။

တတိယအားကောင်းတဲ့နာမည်ရှင်တွေကတော့ ကြာသပတေးအစ ကြာသပတေးအဆုံး နာမည်များပဲ ဖြစ်ပါတယ်။ (ဥပမာ – မြင့်မြတ်၊ ဘုန်းပြည့်မင်း၊ ဖြူသွယ်မိုး) စတဲ့နာမည်တွေ ဖြစ်ပါတယ်။

ဒီနာမည်ရှင်တွေက ယခုနှစ်အတွင်း အလှူအတန်း ပေးရခြင်း၊ ငွေကြေးဓနဥစ္စာ တိုးပွားခြင်း၊ ခိုင်မာသော ရင်းနှီးမြုပ်နှံမှုများ လုပ်ဆောင်ရခြင်း စတဲ့အကျိုးတွေ ခံစားဖို့ ကံအခွင့်အလမ်း အားသာစေပါမယ်။

ဘယ်လိုနာမည်ရှင်တွေ သတိထားရမလဲ

ဒီနှစ် ၁၃၈၅ ခုနှစ်မှာ အင်္ဂါအစ + တနင်္လာအဆုံး (ဥပမာ – စိုးမိုးကျော်၊ ဆွေဇင်ခိုင် ၊ ဇော်မင်းခန့်) စတဲ့ နာမည်မျိုးတွေဟာ အထူးသတိထားမယ့်နာမည်ရှင်မျိုးတွေဖြစ်ပါတယ်။

စီစဉ်ထားတာတွေ ဖရိုဖရဲ ဖြစ်လွယ်ခြင်း၊ သူခိုးသူဝှက်နဲ့ လုံခြုံရေးချိုးဖောက်မှု ခံရတတ်ခြင်း၊ အသွားအလာ လုပ်ဆောင်မှု မှားယွင်းတတ်ခြင်း၊ အိမ်ထောင်ရေး အချစ်ရေး အရှုပ်အထွေး များတတ်ခြင်းများကို အထူး သတိပြုရမယ့်နှစ်မျိုး ဖြစ်ပါတယ်။ မကြာခဏ သံဃာကုဋီ ရေဆေးတဲ့ကုသိုလ်ပြုပေးသင့်တဲ့နှစ် ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒုတိယသတိထားမယ့် နာမည်ရှင်တွေကတော့ ကြာသပတေးအစ + စနေအဆုံး ( ဥပမာ မြင့်ထွန်း၊ ဖြိုးထက်၊ မျိုးထွန်း) စတဲ့နာမည်ရှင်တွေဖြစ်ပါတယ်။

အသေးစားထိခိုက်မှုမျိုးနဲ့ ကျန်းမာရေးပိုင်းတွေကို သတိပြုရပါမယ်။ မကောင်းတဲ့အမှုကိစ္စတွေ လုပ်မိရင် ကံဇာတာ မှေးမှိန်လွယ်တတ်လို့ သတိနဲ့နေထိုင်လုပ်ကိုင်ရမယ့်နှစ် ဖြစ်ပါတယ်။ ကြွေးမြီကိစ္စနဲ့ ရန်ကြွေးရန်စများ ပြန်ပေါ်တတ်ပါတယ်။ ယတြာအဖြစ် မုန့်လုံးရေပေါ် မကြာခဏ လှူဒါန်းပေးသင့်တဲ့ နှစ်မျိုး ဖြစ်ပါတယ်။

ဒါကတော့ မြန်မာနှစ်သစ်မှာ ထူးထူးခြားခြား နာမည်နဲ့အကျိုးပေးကံအနေအထားပဲဖြစ်ပါတယ်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)